Showing posts with label 10. General Reader - အထွေထွေ ဖတ်စရာ. Show all posts
Showing posts with label 10. General Reader - အထွေထွေ ဖတ်စရာ. Show all posts

စာစီစာကုံး

(ဆရားကြီး ဦး)အောင်သင်းရဲ့ “ကိုယ်တွေ့စာစီစာကုံး”ဆိုတဲ့ စာအုပ်လေးကို ဖတ်မိပြီး သဘောကျခဲ့ဖူးပါတယ်။ ကလေးတွေကို သူ ဘယ်လို စာစီစာကုံး သင်ပေးခဲ့တယ်ဆိုတာကို အဲဒီစာအုပ်ထဲမှာ ပြန်ပြောပြထားတာပါ။ စာစီစာကုံးရေးနည်း၊ စာစီစာကုံးသင်နည်းပေါ့။ သူ့နည်းကို အသုံးချကြည့်ခဲ့ပါတယ်။ ရွာအလည်ပြန်ရင်း ရွာက ကလေးတွေကို စာစီစာကုံး သင်ပေးခဲ့တာပါ။ ဘာမှ မလုပ်တာနဲ့ စာရင်တော့ အများကြီး အောင်မြင်ခဲ့ပါတယ်။

ကျွန်တော်ကြိုက်သော ငှက်များအကြောင်း
မောင်ထက်မြက်ထွန်း
တတိယတန်း၊ Yin Ye Monastic School

ကျွန်တော်က မောင်ထက်မြက်ထွန်း ဖြစ်ပါတယ်။ ကျွန်တော်က ကိုရင်ပါ။ ရင်းရဲရွာ ဘ-ကကျောင်းမှာ စာသင်နေပါတယ်။ တတိယတန်း ဖြစ်ပါတယ်။ ကျွန်တော်ကြိုက်တဲ့ ငှက်တွေအကြောင်း ပြောပါမယ်။

ငှက်ကောင်တွေက အများကြီးပဲ။ ကျွန်တော်ကြိုက်တဲ့ ငှက်တွေကတော့ ဆက်ရက် စွေ့ သစ်တောက်ငှက် ဥသြ ဇီးကွက်တို့ကို အကြိုက်ဆုံးပါပဲဗျာ။

ဆက်ရက်သည် လယ်သမားတို့ ထယ်ထိုးရာတွင် နောက်ကနေ တကောက်ကောက် လိုက်သွားပြီး လယ်သမားကြီးထယ်ထိုးရာ မြေကြီးထဲမှထွက်သော ပိတ်တာ ပိရစ် ပိုးတုံးလုံးကောင်တို့ကို စားသောက်ပစ်သောကြောင့် ကျွန်တော်သည် ဆက်ရက်ကို ကြိုက်ပါသည်။

စွေ့သည် လယ်သမားတို့ စိုက်ပျိုးထားသော ကောက်ပဲသီးနှံတို့ကို ဖျက်ဆီးတတ်သော ပိုးများကို ကောက်စားပါတယ်။ စွေ့က အဖျက်ပိုးများကို စားသောက်ပစ်လို့ ကျွန်တော်သည် စွေ့ကို ကြိုက်ပါသည်။

သစ်တောက်ငှက်သည် မာကြောသော ခြေသည်းဖြင့် သစ်ခေါက်ကို တွယ်ကပ်လိုက်သည်။ နှုတ်သီးနဲ့ တောက်သည်။ ထိုအခါ သစ်ခေါက်ထဲမှ ထွက်လာသော သစ်ပင်ဖျက်ပိုးများကို သစ်တောက်ငှက်က သုတ်သင်ရှင်းလင်း ပစ်သောကြောင့် ကျွန်တော်သည် သစ်တောက်ငှက်ကို ကြိုက်ပါသည်။

ဥသြသည် မိုးလင်းတာနဲ့ သာယာသော အသံဖြင့် တစ်ရွာလုံး လိုက်အော်ပါသည်။ ကျွန်တော်တို့က ဥသြလို လိုက်အော်ပါသည်။ ပျော်စရာကောင်းလို့ ကျွန်တော် ဥသြကို ကြိုက်ပါသည်။

ဇီးကွက်သည် ညအခါတွင် မျက်လုံးပြူးနဲ့ ၀င်းလက်ဝင်းလက် ရှိပါသည်။ ဇီးကွက်မျက်ပြူးကို ကျွန်တော်ကြိုက်ပါသည်။

ကျွန်တော်ကြိုက်တဲ့ ငှက်တွေ ကျန်သေးတယ်။ ဒါပါပဲဗျာ။

------------------------------

ကျွန်တော့်အကြောင်း
မောင်မိုးမင်းထက်
တတိယတန်း၊ Yin Ye Monastic School

ကျွန်ုပ်၏ အမည်သည် မောင်မိုးမင်းထက် ဖြစ်ပါသည်။ ကျွန်တော်၏ အဖေသည် ဦးကျော်မိုး ဖြစ်သည်။ ကျွန်ုပ်၏ အမေသည် ဒေါ်ခါသီ ဖြစ်သည်။ ကျွန်ုပ်၏ အမေကြီးသည် ဒေါ်ကောင်းရီ ဖြစ်သည်။ ကျွန်ုပ်၏ အဒေါ်သည် ဒေါ်တင်နွဲ့ ဖြစ်သည်။ ကျွန်ုပ်၏ ညီမလေးသည် မိုးသန္တာထက် ဖြစ်သည်။ ကျွန်ုပ်တို့ ရင်းရဲရွာမှာ နေသည်။ ကျွန်ုပ်သည် ရွာရှိ ဘုန်းတော်ကြီးသင် ပညာကျောင်းမှာ နေသည်။ တတိယတန်း ဖြစ်သည်။ ကျွန်ုပ်၏ ဆရာများမှာ ဦးအောင်မင်း ဦးဝင်းမင်းဌေး ဦးညွန့်လွင် ဒေါ်ခိုင်ရွှေဝါတို့ ဖြစ်သည်။

ကျွန်ုပ် သစ်ပင်စိုက်သည်။ အိမ်မှာ ကျွန်ုပ်စိုက်ပျိုးထားသော အပင်ရှိသည်။ ကျွန်ုပ် စိုက်ပျိုးထားသော  အပင်မှာ ဇွန် စံပယ်တို့ ဖြစ်သည်။ ပန်းလှရင် ကြည့်လို့ကောင်းရင် ကျွန်ုပ် ကြိုက်သည်။ ကျွန်ုပ် ပန်းမခူးပါ။ သူများခိုး ခူးခူးသွားသည်။ ကျွန်ုပ် ကျောင်းသွားနေရလို့ သူခိုးမမိ။ တွေ့ရင်သိမယ်။

------------------------------

လသာသောည
မအေးမြတ်သူ
စတုတ္ထတန်း၊ Yin Ye Monastic School

ကျွန်မတို့သည် လသာသော ညများတွင် ပျော်ပျော်ရွှင်ရွှင် ကစားကြပါသည်။ ပထမဆုံး ထုပ်ဆီးတိုး ကစားကြမည်ဟု တိုင်ပင်ကြပါသည်။ ထို့ပြင် တူ့တူပုန်းတမ်း ကစားမည်ဟုလည်း တိုင်ပင်ထားကြပါသည်။ မမောမပမ်း သင့်သင့်မြတ်မြတ် ကစားကြပါသည်။

တခြားကစားနည်းတွေလည်း ကစားကြပါသည်။ ပိုက်ဆံတမ်းလည်း ကစားကြပါသည်။ ဆံပင်တမ်းလည်း ကစားကြပါသည်။ စက်ချုပ်တမ်းလည်း ကစားကြပါသည်။ ဆရာမတမ်းလည်း ကစားကြပါသည်။ ဘောလုံးကန်တမ်းလည်း ကစားကြပါသည်။ ဈေးဆိုင်ဖွင့်တမ်းလည်း ကစားကြပါသည်။ ထမင်းချက်တမ်းလည်း ကစားကြပါသည်။ တို့ဟူးကျိုတမ်းလည်း ကစားကြပါသည်။ သစ်ပင်တက်တမ်းလည်း ကစားကြပါသည်။ သူငယ်ချင်းတမ်းလည်း ကစားကြပါသည်။ ဓာပုံရိုက်တမ်းလည်း ကစားကြပါသည်။ ဗွီဒီယိုရိုက်တမ်းလည်း ကစားကြပါသည်။

သူငယ်ချင်းများ ပျော်ပျော်ရွှင်ရွှင် စုဝေးကြသောကြောင့် လသာသောညကလေးကို အမြဲသတိရခြင်း ဖြစ်ပါသည်။ ကျွန်မတို့ လသာသော ညလေးကို အမြဲလွမ်းနေရခြင်း ဖြစ်ပါသည်။ လသာသော ညလေးကို ရောက်ချင်ပါသည်။

------------------------------

စမ်းချောင်းက ဆရာကြီးအိမ်ကို ရောက်ဖြစ်တော့ ဒီအကြောင်း ပြောပြဖြစ်ပါတယ်။ [သူကပ်တဲ့ ဖျော်ရည်သောက်ရလို့ ဖားတာမဟုတ်။ သူကျေနပ်အောင် တမင် လုပ်ကြံပြောတာလည်း မဟုတ်။ :)] “၀မ်းသာလိုက်တာ ဘုရား . . .”တဲ့။ . . . . “ . . . ဖျော်ရည် နည်းနည်း ထပ်ယူပါအုံး ဘုရား . . .”ဆိုပြီး သူ့အမျိုးသမီး ဆရာမကြီး (ကျောင်းဆရာမဟောင်းကြီး ထင်ပါတယ်)ကို “ဖျော်ရည် ယူခဲ့အုံးဟေ့”လို့ အမိန့် ပေးပါတယ်။ (“အားနာစရာကြီးပါလား ဆရာကြီးရယ် . . .”) “ရပြီ ဆရာကြီး။ ရပြီ။ ရပြီ . . .။”

အားနာနာနဲ့ တစ်ခု တောင်းဆိုခဲ့ပါတယ်။ “ရွာက ကလေးတွေအတွက် အမှတ်တရ စကားလေး တစ်ခွန်းလောက် ရေးပေးလိုက်ပါအုံး ဆရာကြီး . . .။ ကျောင်းနံရံမှာ ရေးထားဖို့ . . .။” စိတ်လိုလက်ရ ချက်ချင်း ရေးပေးလိုက်ပါတယ်။ (ဒါပေမယ့် စိတ်ကူးတဲ့အတိုင်း သူ့စကားကို ရွာကျောင်းနံရံမှာတော့ ခုထိ မရေးရသေးပါဘူး။ နောက်တစ်ခါ ရွာပြန်ရင်တော့ ရေးရအုံးမယ်။)



ရှင်အာစာရ

စာသင်ကျောင်းနှင့် စာရိတ္တမဏ္ဍိုင်


တိုင်းပြည်တစ်ပြည်တွင် စာရိတ္တမဏ္ဍိုင် တည်ဆောက်ရာတွင် စာသင်ကျောင်းသည် အလွန်အရေးပါ အရာရောက်သော ဌာနကြီးတစ်ခု ဖြစ်ပေသည်။ စိတ်ပညာပါရဂူတို့၏ အယူအဆမှာ လူတို့၏ အကျင့်စာရိတ္တကို အကြောင်းကြီး သုံးမျိုးက ဖန်တီးလျက် ရှိသည်ဟု ဆိုလေသည်။

ထိုသုံးမျိုးမှာ အခြားမဟုတ်။ (၁) မျိုးရိုးဗီဇ၊ (၂) သင်ကြားပြသမှု၊ (၃) ပတ်ဝန်းကျင် ဖြစ်ပေသည်။ ထိုသုံးမျိုးအနက် တစ်မျိုးလျှင် ၃၃ ဒသမ ၃ ရာခိုင်နှုန်းတိတိ အားပေးခြင်း မပြုသော်လည်း၊ ထိုသုံးမျိုးသော အကြောင်းကြီးများ စုပေါင်း၍ လူတစ်ဦးတစ်ယောက်၏ အကျင့်စာရိတ္တကို ဖန်တီးပေးသည်ဟူသော အချက်ကို စိတ်ပညာပါရဂူများနှင့် မနုဿဗေဒပါရဂူတို့က သဘောတူညီကြ၏။ ထို့ကြောင့် ဤယူဆချက် ကို မှန်ကန်သည်ဟူ၍ လက်ခံကြရပေမည်။

ကျွန်ုပ်တို့၏ အကျင့်စာရိတ္တကို ဖန်တီးပေးရာတွင် မျိုးရိုးဗီဇလည်း အကြောင်းရင်း တစ်ရပ်ဖြစ်ရာ ထိုအကြောင်းကို ပြုပြင်၍ မရကောင်းဟူ၍ တစ်ထစ်ချ မှတ်ယူနိုင်ပေသည်။ မည်သူမဆို သင်ကြားပြသမှုနှင့် ပတ်ဝန်းကျင်က မပြုပြင်လျှင် မိဘမျိုးရိုး၏ အလေ့အကျင့် စာရိတ္တတို့သည် ထက်ကြပ်မကွာ ပါ၍လာတတ်၏။

ထို့ကြောင့် မျိုးရိုးဗီဇနှင့် ပတ်သက်၍ မည်သို့မျှ ပြုပြင်ဖန်တီး၍ မရနိုင်ပေ။ စိတ်သဘောထား ခက်ထန် ကြမ်းကြုတ်သော သူ၏သားကို သင်ကြားခြင်းမရှိ၊ ပတ်ဝန်းကျင် ပြုပြင်ခြင်းမရှိဘဲ လွှတ်ထားလျှင် စိတ်သဘောထား ခက်ထန်ကြမ်းကြုတ်မည်သာ ဖြစ်၏။ ထိုနည်းအတူပင် စိတ်သဘောထား နူးညံ့သိမ်မွေ့သော သူ၏သားကို သင်ကြားခြင်းမရှိ ပတ်ဝန်းကျင်ပြုပြင်ခြင်း မရှိဘဲ လွှတ်ထားလျှင်လည်း စိတ်သဘောထား နူးညံ့သိမ်မွေ့မည်ပင် ဖြစ်ပေသည်။ သင်ကြားခြင်း ဆိုရာတွင် အကောင်းသင်ကြားခြင်း၊ အဆိုးသင်ကြားခြင်းဟူ၍ နှစ်မျိုးရှိသည်ကို သတိပြုရ ပေမည်။

မျိုးရိုးဗီဇကို ပြုပြင်၍ မရကောင်းသဖြင့် အခြား အကြောင်းကြီး နှစ်ကြောင်းဖြစ်သော သင်ကြားပြသမှုနှင့် ပတ်ဝန်းကျင်တို့ကိုသာ အဓိကထား၍ ဆောင်ရွက်လျှင် မည်သို့ပင် မျိုးရိုးဗီဇညံ့စေကာမူ အကျင့်စာရိတ္တကို ကောင်းမွန်အောင် ဖန်တီးပေးနိုင်မည်။ ထို့ကြောင့် စာရိတ္တမဏ္ဍိုင် တည်ဆောက်ရေးအတွက် စာသင်ကျောင်းသည် အလွန်အရေးပါသော ဌာနကြီး ဖြစ်ပေသည်။

တဖန် စိတ်ပညာပါရဂူတို့၏ အယူအဆမှာ ငယ်ရွယ်သူကို အသက်ကြီးသူတို့ထက် ပိုမိုလွယ်ကူစွာ ပြုပြင်နိုင်သည်ဟု ဆိုလေသည်။ အသက်ကြီးသူတို့မှာ အရိုးရင့်နေပြီဖြစ်၍ လိုရာကို ဆွဲ၍မရနိုင်ပေ။ ငယ်ရွယ်သူတို့မှာမူကား စွဲလန်းခြင်း နည်းပါးသေးသဖြင့် ရွှံ့ကဲ့သို့ လိုရာကို ဖန်တီးနိုင်သည်ဟု ယူဆကြသည်။

စိတ်ပညာ ပါရဂူအများ၏ ယူဆချက်မှာ ကလေးတစ်ယောက်ကို မွေးစမှ ၇ နှစ်သားအထိ ကိုယ်လိုရာဆွဲ၍ ဖန်တီးနိုင်မည်ဟု ယုံကြည်ကြလေသည်။ အချို့ကမူ မွေးစမှ ၁၁ နှစ်သားအထိ ဖန်တီးပြုပြင်ရန် လွယ်ကူသေးသည်ဟု အဆိုရှိကြသည်။

မည်သို့ပင်ဖြစ်စေ မူလတန်းကျောင်းသား အရွယ်သည် စာရိတ္တပြုပြင်ရန် အလွယ်ဆုံးသော အရွယ်ဖြစ်ကြောင်းမှာ သေချာသည်။ ထို့ကြောင့် ကျွန်ုပ်တို့နိုင်ငံတွင် ဘ၀သစ် ထူထောင်ရေးအတွက် စာရိတ္တမဏ္ဍိုင် တည်ဆောက်ရာတွင် မိဘနှင့် မူလတန်း ကျောင်းဆရာ ဆရာမများသည် အရေးပါဆုံးသော ဗိသုကာကြီးများ ဖြစ်ကြသည်မှာ ထင်ရှားလှ၏။

စာရိတ္တမဏ္ဍိုင် တည်ဆောက်ရာတွင် ပညာသင်ကြားခြင်းကဲ့သို့ပင် လက်တွေ့နိဿယသည် စာတွေ့နည်းထက် ပိုမို၍ ထိရောက်၏။ ပတ်ဝန်းကျင်နှင့် သင်ကြားမှုကို လိမ်မာစွာ ပေါင်းစပ်နိုင်ပါမူ နောင်တစ်ခေတ်တွင် ခေါင်းဆောင် ဖြစ်လာမည့် ကလေးသူငယ်များ၏ စာရိတ္တဗလကို ဖန်တီးရာမှာ ပြတ်သားသော ရည်ရွယ်ချက်ရှိရန် လိုပေသည်။

မိဘနှင့် ဆရာများသည် သားသမီးတပည့်တပန်းများကို လူတော်လူကောင်းကလေးများ ဖြစ်စေလိုကြ၏။ သို့ရာတွင် မည်သည့်နည်းနှင့် လူတော်လူကောင်းများ ဖန်တီးရန်မှာ ကောင်းစွာ မသဲကွဲကြချေ။ စာဂဗလနှင့် ပတ်သက်၍ အထူးလိုအပ်သော အရည်အချင်းမှာ (ရိုးသားဖြောင့်မတ်မှု) ဖြစ်၏။ သို့ရာတွင် ရိုးသား ဖြောင့်မတ်မှုမှာလည်း သင်ကြားပြသမှု၊ ပတ်ဝန်းကျင် စသော အကြောင်းကြီးများအပြင် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးစသော အကြောင်းကြီးများပေါ်တွင်လည်း အနည်းနှင့်အများ ဆိုသလို တည်ရှိပေသည်။

ဤဆောင်းပါးတွင် စာသင်ကျောင်းနှင့် စာရိတ္တမဏ္ဍိုင်ဟူ၍ ခေါင်းစဉ်တပ်ထားသဖြင့် သင်ကြားပြသမှုနှင့် ပတ်ဝန်းကျင်ကိုသာ အဓိကဆွေးနွေး ရေးသားလိုပေသည်။

စာရိတ္တမဏ္ဍိုင်နှင့်ပတ်သက်၍ စံနမူနာ ယူနိုင်လောက်သော ဆရာသည် အရေးအကြီးဆုံးဖြစ်၏။ ရိုးသား ဖြောင့်မတ်မှုကို စာတွေ့သင်ကြားခြင်းထက် ငါတွေ့ဖြင့် သင်ကြားခြင်းက များစွာပိုမို ထိရောက်၏။

ဆရာသည် မိမိကိုယ်တိုင် ရိုးသား ဖြောင့်မတ်ရုံသာမက မိမိရိုးသားဖြောင့်မတ်ကြောင်းကိုလည်း တပည့်များအား နည်းအမျိုးမျိုးဖြင့် အသိပေးရမည်။ ရိုးသားဖြောင့်မတ်၍ ရရှိသော အကျိုးကျေးဇူးများကိုလည်း အခါအခွင့်သင့်တိုင်း ပြောပြရမည်။ ပုံဝတ္ထုကလေးများကို ပါးနပ်စွာ နားထောင်ကောင်းအောင် ပြောပြနိုင်လျှင် များစွာ ခရီးရောက်နိုင်ပေသည်။ ဥပမာ၊ ‘ပုဆိန်နှင့် ရေနတ်သား’ ၀တ္တုမျိုးသည် ကလေးသူငယ်များ၏ စိတ်တွင် အလွန်မြဲစေနိုင်၏။

ဘာသာရေး သင်ခန်းစာများသည်လည်း စာရိတ္တမဏ္ဍိုင် တည်ဆောက်ရေးအတွက် များစွာ အထောက်အပံ့ ဖြစ်စေနိုင်၏။ စာသင်ကျောင်းသူများအတွက် ဘာသာရေး သင်ခန်းစာကို မသင်မနေရ ပညာရပ်တစ်ရပ် ပြုပြင်လုပ်ပေးရန် ယခုစာရေးသူမှာ နှစ်ပေါင်း ၂၀ကျော် တိုက်တွန်းခဲ့သူ ဖြစ်လေသည်။

ဘာသာရေးကို စွဲစွဲမြဲမြဲ စိတ်ပါလက်ပါ ကိုင်းရှိုင်းသူသည် စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်သောသူသာလျှင် ဖြစ်ရမည်။ ဘာသာရေး ကိုင်းရှိုင်းမှု ခေါင်းပါးသူသည် တစ်နည်းအားဖြင့် စာရိတ္တမဏ္ဍိုင်ခေါင်းပါးသူ ဖြစ်ရပေမည်။ ဘာသာရေးသည် စာရိတ္တမဏ္ဍိုင် ခိုင်မြဲရေးအတွက် အလွန်အရေးပါသော အထိန်းကြီး ဖြစ်သည်။

ဗုဒ္ဓဘာသာဝင် ကလေးသူငယ်များအတွက် သင်ကြားပို့ချလျက်ရှိသော ဗုဒ္ဓဘာသာ သင်ခန်းစာများသည် အထူးကောင်းမွန်၍ အဆင့်ခွဲခြားရာမှာ သင့်လျော်သော်လည်း ကလေးသူငယ်များစိတ်တွင် စွဲလာအောင် ဖန်တီးရန် မလွယ်ကူဟု ယူဆပေသည်။  နိပါတ်တော်လာ ၀တ္တုများကို ကလေးများအတွက် ပြန်လည် ရေးသား၍ သင်ကြားပါက များစွာ ထိရောက်ပေမည်။ ဤအချက်အတွက် ဆရာသည် အရေးကြီးဆုံး ဖြစ်ပေသည်။ ဘာကို ရည်ရွယ်ပြီး သင်ကြားရမည်ကို မသိသော ဆရာသည် ဘာသာ သင်ခန်းစာကို သင်ကြားခြင်းငှာ မထိုက်ပေ။

ရိုးသားသည့်အတွက် ချီးမြှင့်ခြင်း၊ မရိုးသားသည့်အတွက် ဒဏ်ပေးခြင်းသည်လည်း စာရိတ္တမဏ္ဍိုင်အတွက် နည်းကောင်း တစ်ခု ဖြစ်၏။ ဥပမာ၊ ကျောင်းသားကလေး တစ်ယောက်သည် လမ်းတွင် ကောက်ရသော ခဲတံကို ဆရာအား လာပေး၏။ အတန်းထဲတွင် ဖြစ်စေ၊ ကျောင်းသားများ စုရုံးသော ခန်းမကြီးထဲဖြစ်စေ၊ ကောက်ရ၍ ပြန်ပေးသော ကျောင်းသား၏ ဂုဏ်ကို ချီးကျူးပေးရမည်။

ထိုနည်းအတူပင် မရိုးသားမှုကိုလည်း ဒဏ်ပေးရမည်။ ဥပမာ၊ အတန်းထဲတွင် စာအုပ်ပျောက်ဆုံး၍ ရှာရာ ကျောင်းသားတစ်ဦးက ခိုးယူထားကြောင်း သိရ၏၊ ထိုသို့ ခိုးယူသော ကျောင်းသားကလေးကိုလည်း ပထမအကြိမ်တွင် ဆရာက ဆုံးမပြီးနောက် ဆက်လက်၍ ခိုးမှုကျုးလွန်လျှင် ကျောင်းသား အများ၏ ရှေ့တွင် ပြစ်တင်မောင်းမဲရမည်။ ရိုက်နှက်၍ ဆုံးမခြင်းမျိုးကို မလိုလားအပ်ပေ။ စာသင်ကျောင်းများတွင် ရိုက်နှက်၍ ဆုံးမသောစနစ်သည် မည်မျှ ဆိုးရွားကြောင်းကို ပညာရေးပါရဂူတို့ ရေးကြပြောကြသည်။ ယခု ဆောင်းပါးတွင် ကျယ်မည်စိုး၍ ချဲ့ထွင်ရေးသားခြင်း မပြုလို။

ပြည်သူ့နီတိခေါ် ပြည်သူ့လမ်းညွန်ပညာကို ထိရောက်စွာ သင်ကြားပေးရမည်။ ဤကား ယခုခေတ်အတွက် အလွန် လိုအပ်သော စာရိတ္တမဏ္ဍိုင် တည်ဆောက်ခြင်းပေတည်း။

လူတို့၏ စိတ်တွင် မိမိ၏ ပစ္စည်းကိုသာလျှင် နှမြောစုံမက်တတ်ကြသည်။ အခြားသူများ၏ ပစ္စည်းကို နှမြောရမှန်း မသိကြပေ။ ဥပမာ၊ ကျောင်းသားတို့ ဘာဝ လမ်းမီးတိုင်ကို သားရေခွဖြင့် ပစ်၍ ဓာတ်မီးကွဲသွားလျှင် ဆရာသည် စာရိတ္တမဏ္ဍိုင်အတွက် ကောင်းမွန်သော သင်ခန်းစာကြီး ပို့ချရန် အခွင့်ကောင်းရခြင်းပင်တည်း။

ထိုကျောင်းသားက ခွဲလိုက်သော ဓာတ်မီးသည် ထိုကျောင်းသား အပါအ၀င် အားလုံး၏ ပစ္စည်းဖြစ်ကြောင်းကို ရှင်းလင်း ပြောပြရမည်။ ထိုဓာတ်မီးကွဲခြင်းသည် ခွဲလိုက်သော ကျောင်းသား မိဘ၏ ပစ္စည်းတစ်ခု ပျက်စီးသွားခြင်းဖြစ်ကြောင်း သဘောပေါက်အောင် ပြောပြရမည်။ ထိုနည်းအတူပင် အစိုးရပစ္စည်း ပြည်သူ့ပစ္စည်းစသည့် စကားတို့၏ အဓိပ္ပါယ်ကို ရှင်းလင်းနိုင်ရမည်။

အထက်ပါ အချက်များကားး စာရိတ္တမဏ္ဍိုင် တည်ဆောက်ရေးအတွက် စာသင်ကျောင်းများက မည်ကဲ့သို့ကူညီနိုင်သည်ကို အကျဉ်းခြုံး၍ ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။ အမှန်စင်စစ်မှာ စာရိတ္တမဏ္ဍိုင်သာမက အခြားမဏ္ဍိုင်လေးရပ် တည်ဆောက် ရေးအတွက်လည်း စာသင်ကျောင်းများသည် အရေးအပါဆုံးသော ဌာနကြီးများ ဖြစ်ကြလေသည်။

ထိုကြောင့် တိုင်းပြည်ပြု ဗိသုကာများအနက် ဆရာ ဆရာမများသည် ရှေ့တန်းမှ ဆောင်ရွက်လျက်ရှိရာ ဤဆောင်းပါးကို ၄င်းဗိသုကာများအတွက် ရည်ရွယ်၍ ရေးသားရခြင်း ဖြစ်ပါသတည်း။

ဦးသန့်
(စစစ စာစောင်၊ တွဲ ၁ မှတ် ၄။ ဧပြီ ၁၉၅၄)
ဒီနေရာကယူခဲ့ပါတယ် -
http://www.maukkha.org/index.php?option=com_content&view=article&id=1287:2011-01-22-10-07-58&catid=library-&Itemid=272

ပညာရေးအပိုင်းအစတစ်ခု


Shin Maharatthasara (ရှင်မဟာရဋ္ဌသာရ/သျှင်မဟာရဋ္ဌသာရ), a Myanmar Buddhist monk (2012 - 2073 Buddhist Era), presented a good learning process with eight steps namely listening, thiking, asking, discussing, investigating, writing, practising and keeping (summarized in eight Pali initials "su, ci, pu, bha, vi, li, si, dha").
It's just obecious that this is a good education system which can be accepted and practiced today. But we don't know how this system was applied and how it was successful. And we don't know either this has been practiced in Myanmar or not.



ဟိုတစ်နေ့က အသိတစ်ယောက်နဲ့ Gmailမှာ Chatရင်း ပညာရေးနဲ့ဆိုင်တဲ့ စကားတစ်ခွန်း ကြားခဲ့ရတယ်။ တောင်အာဖရိက သမတဟောင်း Nelson Mandelaရဲ့ အဆိုအမိန့် တဲ့။ "Education is the most powerful weapon which you can use to change the world." နားလည်သလို ဘာသာပြန်ကြည့်တယ်။ "ပညာရေးဟာ ကမ္ဘာကြီးကို ပြောင်းလဲအောင် လုပ်ရာမှာ အသုံးပြုနိုင်တဲ့ စွမ်းအားအပြင်းဆုံး လက်နက်ပါ။" ဘယ်တုန်းက ပြောခဲ့တဲ့ စကားဆိုတာ မသိပါဘူး။ ခု Google နဲ့ ပြန်ရှာကြည့်တော့ အဲ့ဒီစကားကို essay.blogs.nytimes.com မှာ တွေ့ရပါတယ်။ The New Yourk Times Magazine ရဲ့ College Essay Contest ခေါင်းစဉ်အောက်မှာပါ။ ဟုတ်တာပေါ့။ ကမ္ဘာကြီး ဒီနေ့အခြေအနေရောက်အောင် တွန်းခဲ့တဲ့ အားတွေထဲမှာ ပညာရေးက အဓိက တွန်းအားတစ်ခုပေါ့။ ပညာရေးဟာ အစွမ်းထက်ပါတယ်။ ကောင်းပါတယ်။ အဲ့ဒီနောက် ပညာရေး ဆိုတာကို အထူးစိတ်ဝင်စားမိနေရင်း ပညာရေးနဲ့ဆိုင်တဲ့ စာတွေကို အချိန်ရသလောက် လက်လှမ်းမီသလောက် လိုက်ဖတ်နေရာက ဒီနေ့တော့ မကောင်းတဲ့ ပညာရေးတစ်ခုအကြောင်း articlesbase.comမှာ ဖတ်လိုက်ရပါတယ်။ အမိန့်အာဏာပေါ်မှာ တည်ဆောက်ထားတဲ့ ပညာရေးတဲ့။ ဖတ်မိခဲ့တာကို နားလည်သလို ပြန်ပြောပါမယ်။

"ပညာရေးမှာ အာဏာရှင်ဆန်မှုကို ပညာရေးမှာ စီမံပိုင်ခွင့် ရှိသူတွေက ဖန်တီးတာပဲ။ ရည်ရွယ်ချက်က ပညာအသင်ခံရတဲ့ အအုပ်ချုပ်ခံတွေကို မမှန်တာတွေ အယုံခိုင်းပြီး စိတ်တိုင်းကျ ကြိုးကိုင်ထားနိုင်ဖို့။ ကြိုးကိုင်လို့ရတဲ့ အခြေအနေ ရောက်အောင် ပြင်ဆင်တဲ့ အနေနဲ့ ကျောင်းမှာ ကျောင်းသူ ကျောင်းသားတွေက ဆရာကို စောဒကတက် မေးခွန်းမထုတ်ရဘူး။ ဆရာပြောသမျှ လက်ခံရတယ်။ ဒီပညာရေးကြောင့် လူတွေက လွတ်လပ်မှု တရားမျှတမှုအစား အာဏာရှင်ကို လက်ခံလာတယ်။ အယူသီးမှုတွေ ရှိလာတယ်။ ယောင်ဝါးဝါးတွေ ဖြစ်လာတယ်။ ကိုးကွယ်ယုံကြည်မှုမှာလည်း အမှန်တရားနဲ့ ဝေးလာတယ်။ အာဏာရှင်ဆန်တဲ့ ပညာရေးစနစ်မှာ တာဝန်ရှိသူတွေက သင်္ခန်းစာတွေကို ဆင်ဆာဖြတ်တယ်။ စိတ်တိုင်းကျ စီမံတယ်။ ဒီနည်းနဲ့ ခွဲခြမ်းစိတ်ဖြာ သုံးသပ် တွေးခေါ်ခြင်းကို သေတွင်းဆီ ပို့တယ်။ စောဒကတက် မေးခွန်းထုတ်တဲ့ ကျောင်းသူ ကျောင်းသားကို နှိမ်တယ်။ အဲ့ဒီလို ကျောင်းသူကျောင်းသားမျိုးကို ပေါက်တောက်တောက် ကြောင်တောင်တောင် အနေမျိုးရောက်အောင် လုပ်လိုက်တယ်။ အကျိုးဆက်ကတော့ ကျောင်းသူကျောင်းသားတွေဟာ သင်္ချာ နဲ့ ဓာတုဗေဒလို မှန်ကန် တိကျတဲ့ သိပ္ပံ ဘာသာရပ်တွေမှာတောင်မှ ၀ါးတားတား ဖြစ်ကုန်တယ်။ ကျောင်းပြီးတဲ့ အခါကျတော့ အမှန်တရားနဲ့ ဆန့်ကျင်သူတွေ ဖြစ်လာတယ်။ သိပ္ပံအပါအ၀င် ဘ၀မှာ တွေ့ကြုံ ဖြတ်သန်းရတဲ့ ကိစ္စတိုင်းမှာ ယောင်ချာချာတွေ ဖြစ်ကုန်တယ်။ ဒီစနစ်ရှိတဲ့ နိုင်ငံမှာ ခွဲခြမ်းစိတ်ဖြာ သုံးသပ်တွေးခေါ်ခြင်းကို အုပ်ချုပ်သူတွေက ဖိနှိပ်ထားတယ်။ အဲ့ဒီလို တွေးခေါ်ခြင်းကို ပြည်သူတွေကလည်း နှိပ်ကွပ်ထားတယ်။ မိသားစုဝင်တွေကလည်း ချိုးနှိမ်ထားတယ်။ ဒီစနစ်ကြောင့် ဖခင်သြဇာလွှမ်းမိုးတဲ့ မိသားစု ဒါမှမဟုတ် မိခင်သြဇာလွှမ်းမိုးတဲ့ မိသားစုတွေ ပေါ်ထွန်းလာတယ်။ လူတွေဟာ ဒီပညာရေးစနစ်ရဲ့ သားကောင်တွေ ဖြစ်လာတယ်။ ဒီပညာရေးက လူတွေကို စိတ်ဒဏ်ရာ ရစေတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ဖြစ်လာအောင် သင်ပေးတယ်။ မိသားစုထဲမှာ လူ့အသိုက်အ၀န်း ထဲမှာ အုပ်ချုပ်သူတွေထဲမှာ အာဏာရှင်ကို အကွပ်ညှပ်ခံစိတ်နဲ့ လက်ခံလာနိုင် လာအောင် သွန်သင်ပေးလိုက်တယ်။"


အဲ့ဒီဆောင်းပါး ရေးတဲ့သူက N. Breeze တဲ့။ သူရထားတဲ့ ဘွဲ့တွေက Material Engineering, Ceramic(BSc), Biomedical Engineering, Biomaterial (MSc)တဲ့။ သူက ကျောင်းသူ ကျောင်းသားတွေ စာသင်ကျောင်းမှာ ဆရာဆရာမတွေရဲ့ အဖိနှိပ်ခံအဖြစ် ကုတ်ကုတ် နေခဲ့ရလို့ ကြီးလာတော့ အာဏာရှင်တွေရဲ့ အဖိနှိပ်ခံပြည်သူတွေ ဖြစ်လာတယ်လို့ ပြောပါတယ်။ သူ့ဆောင်းပါးအတွက် သူ ဘယ်လို သုတေသန လုပ်ခဲ့တယ်၊ ဘယ်အချက် အလက်တွေကို အခြေခံပြီး ဘယ်လိုကောက်ချက် ဆွဲတယ်ဆိုတာ ဖော်ပြမထားတဲ့အတွက် သူ့တင်ပြချက် ဘယ်လောက်ခိုင်မာတယ်ဆိုတာ ပြောဖို့ ခက်ပါတယ်။ အပြည့်အ၀ လက်ခံဖို့ မလွယ်ဘူး။ ဥပမာ စာသင်ကျောင်းတွေ မပေါ်ခင်က အာဏာရှင် မရှိခဲ့ဘူးလားလို့ ပြန်လှန်မေးခွန်းထုတ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူ့တင်ပြချက်က ပညာရေးနဲ့ ပတ်သက်လို့ ထည့်သွင်း စဉ်းစားစရာတစ်ခု ဆိုတာတော့ သေချာပါတယ်။


တစ်ဆက်တည်း မြန်မာနိုင်ငံမှာ အင်းဝခေတ်က အရှင်မဟာရဋ္ဌသာရ ချပြခဲ့တဲ့ ပညာသင်ယူပုံ စနစ်တစ်ခုကို သတိရမိပါတယ်။ ငယ်ငယ်က ဘုန်းကြီးကျောင်းမှာ ကျက်ခဲ့ရတာပါ။ "သု စိ ပု ဘာ၊ ၀ိ လိ သိ ဓာ၊ အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို၊ သီးကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့"တဲ့။ အရှင်မဟာရဋ္ဌသာရရဲ့ ပညာရေး စနစ်က မူရှစ်ချက်နဲ့ပါ။ "သု စိ ပု ဘာ၊ ၀ိ လိ သိ ဓာ"တဲ့။ အဲ့ဒါကို ဆရာဘုန်းကြီးက တစ်ခုချင်း ရှင်းပြပါတယ်။
သု = သုဏေယျ။ သင်ပြတာကို နားစိုက် ထောင်ရမယ်။
စိ = စိန္တေယျ။ သင်ပြီးသားကို ကြံစည်တွေးတော သုံးသပ်ရမယ်။
ပု = ပုစ္ဆေယျ။ နားမလည်တာရှိရင် ဆရာကို ပြန်မေးရမယ်။ ကိုယ့်ထက် အတန်းကြီးတဲ့သူကို မေးရမယ်။
ဘာ = ဘာသေယျ။ ကျောင်းသူကျောင်းသား အချင်းချင်း သင်္ခန်းစာကို ပြောဆို ဆွေးနွေး တိုင်ပင်ရမယ်။
ဝိ = ၀ိစာရေယျ။ သင်ယူခဲ့တာ ဆွေးနွေးခဲ့တာတွေကို ပြန်ပြီး ဆင်ခြင် သုံးသပ်ရမယ်။
လိ = လိက္ခေယျ။ အရေးအသား လေ့ကျင့်ရမယ်။ သိထားတာကို ပြန်ပြီး တင်ပြ တတ်အောင် လေ့ကျင့်ရ မယ်။
သိ = သိက္ခေယျ။ စာသိကို လက်တွေ့ ကျင့်သုံးရမယ်။ ဘ၀အတွက် အသုံးချ ရမယ်။
ဓာ = ဓာရေယျ။ သင်ထားသမျှ မမေ့အောင် ဆောင်ထားရမယ် တဲ့။


စနစ်ကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ (ဒီရှစ်မျိုးကို ပါဠိနာမည်တွေနဲ့ ဖော်ပြထားတာမို့ ဘုရားဟော ပါဠိတော်ထဲကများ ယူထားသလား၊ ပါဠိပိဋကတ် တစ်နေရာတည်းမှာ တစ်စုတည်း ပါလေသလား၊ တစ်နေရာစီမှာ ပါတာကို စုစပ်ပြီး ဖော်ပြထားတာလား၊ ရှင်မဟာရဋ္ဌသာရရဲ့ စိတ်ကူးသက်သက်လားဆိုတာ စဉ်းစားမိပါသေးတယ်။)
စောစောက articlesbase.comမှာ ဖတ်ခဲ့ရတဲ့ ဆောင်းပါးကို ရေးတဲ့သူဟာ ကျောင်းတွေမှာ Critical Thinking ဆိုတဲ့ ခွဲခြမ်းစိတ်ဖြာ သုံးသပ်တွေးခေါ်ခြင်းကို အထက်စီးကနေ ပိတ်ဆို့ထားလိုက်တဲ့ လုပ်ရပ်ရဲ့ ဆိုးကျိုးကို ထောက်ပြပါတယ်။ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ခြင်းကို အားပေးသူပေါ့။ အဲ့ဒီဆောင်းပါးရှင် အရှင်မဟာရဋ္ဌသာရ ချပြခဲ့တဲ့ ပညာရေးစနစ်ကိုသိရင် တော်တော် သဘောကျလောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရှင်မဟာရဋ္ဌသာရရဲ့ ပညာရေးမူ ရှစ်ချက်ထဲမှာ "စိ" နဲ့ "၀ိ" ရယ်လို့ ခွဲခြမ်းစိတ်ဖြာ သုံးသပ်တွေးခေါ်ခြင်းကို အထူး အားပေးထားလို့ပေါ့။ ဒီ့ပြင် "ဘာ"ဆိုပြီး ဆရာကို ပြန်မေးခွင့်လည်း ပေးထားသေးတယ်။ ခုခေတ် ပညာရေး သမားတွေ အသိမှတ်ပြုလောက်တဲ့ "attendance,discussion, presentation, application"ဆိုတာတွေကိုလည်း "သု ဘာ လိ သိ"ဆိုတဲ့ မူတွေနဲ့ အသီးသီး သိမ်းယူထားတယ် မဟုတ်လား။


မြန်မာနိုင်ငံမှာ အရှင်မဟာရဋ္ဌသာရရဲ့ ပညာရေးစနစ်ကို ဘယ်လို အကောင်အထည် ဖော်ခဲ့သလဲ၊ အဲ့ဒီစနစ် ဘယ်လောက်အကောင်အထည် ပေါ်ခဲ့သလဲ၊ ခု အဲ့ဒီစနစ် ရှိနေသေးလား ဆိုတာတော့ သီးသန့် သုတေသနပြုရမယ့် ကိစ္စဖြစ်ပါတယ်။ ဒါလည်း ပညာရေးနဲ့ ပတ်သက်လို့ ထည့်သွင်း စဉ်းစားစရာတစ်ခု ဆိုတာလောက်ပဲ သေချာတယ် ဆိုပါစို့။
ကဲ ပညာရေးနဲ့ ပတ်သက်လို့ ဒီထက် ပိုသေချာအောင် ဘာလုပ်သင့်ကြပါသလဲ။ ဘာလုပ်နိုင်ကြပါ မလဲ။


Ref:
http://essay.blogs.nytimes.com/2007/09/24/education-is-the-most-powerful-weapon-which-you-can-use-to-change-the-world/
http://www.articlesbase.com/philosophy-articles/effect-of-dictatorship-in-education-on-social-behavoir-of-people-548932.html

http://www.mrmrt.info/2010/09/educational-piece.html
မှယူပါသည်။